Monday, December 17, 2012
ထွေထွေ ထူးထူး
ငါ့မှာ
ထွေထွေ ထူးထူး
လုပ်စရာ မရှိပါဘူး
နှိုးစက် မြည်မယ်
အိပ်ယာထမယ်
ဘတ်စ်ကားကြပ်ကြပ်ကြီး စီးပီးတော့
အလုပ်သွားမယ်
အလုပ်မှာလည်း ယောင်ချာချာနဲ့ ပေါ့
ပြီးတော့
ဘတ်စ်ကားကြပ်ကြပ်ကြီး စီးပီး
အိမ်ပြန်မယ်
နှိုးစက်ချမယ်
အိပ်ယာခင်းမယ်
အိပ်မယ်
ငါ့မှာ
ထွေထွေ ထူးထူး
လုပ်စရာ မရှိပါဘူးကွယ်
မင်းကို သတိရနေတာက လွဲလို့ ပေါ့.........
                                                          ဍယင်ကောက်
Sunday, December 16, 2012
ပြေးလမ်း
Facebook မှာ
မန္တလေးနန်းမြို့ ကြီး
ဘွားခနဲ့  ပေါ်လာတော့
ငါဟာ ကျင်စက်နဲ့ တို့ ခံလိုက်ရသလို
ခုန်ထလိုက်ရ...
(သြော်...မန္တလေး..မန္တလေး...)
မန္တလေးဟာ ငါ့ဆီကို
ဒရောသောပါး ပြေးအလာ
ဟေ့...ရပ်
ဦးပိန်တံတားလည်းရပ်၊
ရန်ကင်းတောင်လည်းရပ်၊
ဘုရားကြီးလည်းရပ်၊
အတုမရှိကျောင်းလည်းရပ်၊
ဟေ့...ရပ်
ရတနာပုံလည်းရပ်၊
ဝင်းလိုက်လည်းရပ်၊
ရွှေခြေချင်းနဲ့ ကောင်မလေးလည်းရပ်၊
မြင်းလှည်းလည်းရပ်၊
ဟေ့...ရပ်
ဆရာတင်လည်းရပ်၊
ရွှေဥဒေါင်းလည်းရပ်၊
ပါတော်မူလည်းရပ်၊
ဆိုင်ကယ်လည်းရပ်၊
ဟေ့...ရပ်
တောင်သမန်လည်းရပ်၊
ဂေါဝန်လည်းရပ်၊
မစိုးရိမ်လည်းရပ်၊
ပုရစ်ကြော်လည်းရပ်၊
ဟေ့...ရပ်
မန္တလေးတောင်လည်းရပ်၊
လောကမာရဇိန်လည်းရပ်၊
ခြင်္သေ့နှစ်ကောင်လည်းရပ်၊
စက်ဘီးလည်းရပ်၊
ရပ်...ရပ်...ရပ်..
မလာကြနဲ့ ....
မလာကြပါနဲ့ ...
အတိတ်ဟာ
ငါ့ကို နက်သထက်နက်အောင်
တူးဆွတက်လို့ ပါကွယ်။
                                              ဍယင်ကောက်
Thursday, June 28, 2012
လျှပ်နွယ်တိမ်မိုး
ငါ့ရဲ့ ကန္တာရလေးဟာ
ဒီလို စိမ်းစိုခဲ့ရတာပါ ။
တိမ်တွေအပြွတ်လိုက်သီးနေတဲ့ 
လေဖိအားနည်း ရပ်ဝန်းက
အသူရာရဲ့ တပ်မဟာကြီးဟာ
စစ်ဘင်ခရာတွေတီးလို့ 
ငါ့ဆီကို လာနေပါပြီ ။
ကောင်းကင်ကြီးကို
အက်ကွဲမြည်ဟီးစေတဲ့ လျှပ်ပန်းနွယ်
ဟော့ဒီ
အနောတက်ရေအိုင်ကလာတဲ့ မိုးဟာ
ငါ့ကို စိုစေပါပြီ ။
ရွာကြ ၊ တဖွဲဖွဲ ရွာကြ ။
ဘယ်လိုကောင်းမှုမျိုးနဲ့ မှ
ငါ့ကို နတ်ပြည်ပို့ ကြနဲ့ 
အဲ့ဒီမှာ မိုးမရွာလို့ ပါကွယ် ။    
                                               ဍယင်ကောက်
Wednesday, May 2, 2012
လွတ်မြောက်ပါစေသား (၁)
တစ်နေ့ တာအတွက်
အဖွဲ့ လိုက် / တစ်ယောက်ချင်း
ပျံသန်းနေကြရ ၊
ချစ်တဲ့လူတွေရှိသလို
အနားမကပ်ချင်တဲ့ လူတွေလည်း ရှိကြမှာပဲ ၊
အရောင်အဆင်းတောက်ပလည်း
စားရမှာ
ဒီနို့ ဆီခွက်ထဲက ဒီပြောင်းဖူးစေ့ပါပဲ ၊
ခိုများ လွတ်မြောက်ပါစေသား ။
အကောင်အရေအတွက်ဟာ
တစ်နှစ်ထက်တစ်နှစ်
ထူထပ်လာ/ သိပ်သည်းလာ ၊
ပျံသန်းပုံ / အသက်ရှူပုံ ခြင်းတူတာတောင်
အထာနပ်တဲ့ ပုဂ္ဂိုလ်က သာရာမှာပဲ
နားခိုကြ ၊
တက်နင်းမယ့်လူ / ဒုက္ခပေးမယ့်လူ ရှိရင်လည်း
ထွက်ပြေးပျံသန်းကြရတာ
အမောတကော ၊
သင့်တော်ရာကို ချောင်းမြောင်းရင်း
ကိုယ်ဝမ်းစာ ကိုယ်ကိုတိုင်
ဖြည့်တင်းနေကြရ ၊
လွတ်မြောက်ပါစေသား ။
အ၀င်အထွက် မညီမျှပေမယ့်
အသက်တစ်ချက်
ဆက်လက်ခုန်နိုင်အောင်
အဓိပ္ပါယ်မရှိသော်လည်း
မျော်လင့်ချက်မဲ့နေ့ တွေ
ဆက်လက်ဖိတ်စင် ပေဦးမည်ပေါ့ ၊
အရာအားလုံး မဖွံ့ ဖြိုးတော့ရင်တောင်
ကိုယ့်အသက်ရှူပေါက် ၊
ကိုယ့်အတောင်ပံများဖြင့်
ငြိမ်းချမ်းစွာ
လွတ်လပ်ပျံသန်းခွင့်ရပါစေ ၊
လွတ်မြောက်ပါစေသား ……..။     
                                                လင်းသစ်
အဖြေများ
ဘာမှလုပ်မနေပါဘူး ၊ စာအုပ်ဖက်နေတာ ၊ အော်….ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းပါ ၊ နေကောင်းတယ်၊ စားပြီးပြီ ၊ ဒီနေ့ သက်သက်လွတ်လေ ၊ ဟုတ်တယ် … မနေ့ က ကိုညွန့် တင်ဆီက နှစ်ရာချေးထားတယ် ၊ မသွားဖြစ်လိုက်ဘူး ၊ လိုက်ပို့ ချင်တာပေါ့ ၊ သန်လျင်ရောက်နေတာ ၊ ချက်ချင်း သင်္ဂြုလ် မယ်ဆိုတော့ ဘယ်လိုမှ ရေဝေးကို လာလို့ မဖြစ်နိုင်လို့ ၊ စိတ်မကောင်းပါဘူးဗျာ ၊ မမြဲခြင်းတရားပေပဲကိုး ၊ အဲ…ကဗျာက Fashion ဧပြီလထုတ်ထဲမှာ ပါပြီးသားလေ ၊ Image အတွက်တော့ စာမူမပေးရသေးဘူး ၊ မရဘူးလေ ၊ စာအုပ်တွေက ငှားဖို့ မှ မဟုတ်ပဲ ၊ ငှားငှားပြီး ပြန်မရတက်လို့  “စာအုပ်ငှားခြင်း သည်းခံပါ ” ၊ ချစ်တယ် ၊ အရမ်းချစ်တယ် ၊ နှလုံးသားနဲ့  နင့်နေအောင် ချစ်မိတာ ၊ တကယ်ပြောတာပါ ၊ ဒီလိုပါပဲဗျာ ၊ ကြုံသလိုပဲ နေထိုင်ရတာပေါ့ ၊ ဘ၀ ဆိုတာ အဆင်ချောချော လုံးကြီးပေါက်လှ ကျော့ရှင်းသေသပ် နေတာမှမဟုတ်တာ ၊ လောကမှာ သာတဲ့ လူက စားမှာပဲလေ ၊ သွားဖြစ်တယ် ၊ အင်း… ကလေးတစ်လပြည့် ကင်ပွန်းတပ်လေ ၊ ကြီးကြီးကျယ်ကျယ်ပဲဗျာ ၊ ခြံထဲကို ၀င်ရမှာတောင် ကိုယ့်ခြေထောက်ကို သနားသွားတယ် ၊ မယုံပါဘူး ၊ “မုသားမပါ လင်္ကာမချော ” လေ စကားပုံတောင်ရှိသေးသပေါ့ ၊ ဟုတ်တယ် ဟုတ်တယ် ၊ သေတော့မှာပါ ၊ ကျွန်တော် သေတော့မှာလေ ၊ ကဗျာကို ရူးသွပ်စွာပေးဆပ်ရင်းပေါ့  ၊ ခင်ဗျားရော ရင်ဆိုင်ဖို့  အသင့်ပါပဲလားလို့ ….။     ။ 
                                                                                                               လင်းသစ်
Saturday, April 28, 2012
မသိကျိုးကျွံ
နေကကဲပူ
မိုးမူထန်ကြမ်း
ပုံသေလမ်းမှာ
အံကြိတ်ကုန်းရုံး
တ၀ုန်းဝုန်း နဲ့ 
ဘ၀ဂ်ချုန်းခဲ့ သော်လည်း ….
မီးခိုးမိုးအူ
အလံထူလွင့်
ဘူတာဆင့်ကာ
မြို့ နှစ်မြို့ ကြား
လွန်းဆံသွားစေ
ငါ့ ဖ၀ါးတွေ ကြိမ်းခဲ့ သော်လည်း …..
လမ်းချော်ရထား
မိုးဖွဲကြားမှာ
ပစ်ထားကြတော့မှာလား ။    
                                                ဍယင်ကောက်
သံစဉ်မဲ့ သီချင်း
ဖမ်းဆုပ်ချင်ပေမယ့် 
ကမ်းလင့်ခွင့် မရတဲ့ 
လက်တစ်စုံ ….
ငေးမောချင်ပေမယ့်
ကြည့်ခွင့်မရှိတဲ့ 
မျက်ဝန်း …..
မြတ်နိုးချင်ပေမယ့် 
ချစ်ခွင့် မရှိတဲ့ 
နှလုံးသား …..
ယုယချင်ပေမယ့်
ထွေးပွေ့ ခွင့် မရှိတဲ့ 
ရင်ခွင် ….
အားလုံးပေါင်းစပ်လို့ 
မွေးဖွားလာမယ့်  ကဗျာနဲ့ 
ဖွင့်ဟချင်ပေမယ့်
ပြောပြခွင့်မရှိတဲ့ 
ငါ့နှုတ်ခမ်းကို
ငါမုန်းတယ် ………
                            ဈာန်မင်း
Sunday, April 22, 2012
အာရုံ ဦး
ည၀တ်ဂျာကင်ကိုချွတ်
   ပြီး ….
     မနေ့ က လပြည့်မှာ လှန်းလိုက်တယ်။
မနက်ခင်း
   ပြူတင်းပေါက်မှ သင်ဝင်လာ
    ခွင့်မတောင်းလေဘဲ
       ငါ့ မျက်နှာမှာ ဖိတ်စင်ခဲ့ ။
ရောင်နီတွေကို ဇစ်ဖွင့် လိုက်ပြီ
 ကောင်းကင်
   သင်ကတော့ 
    “၀” လုံးရေးသင်တုန်း ။     
                                                နွေသစ်သွေး